သစ်တောပြုန်းတီးရခြင်း အကြောင်းရင်းများ – Flegt Myanmar

သစ်တောပြုန်းတီးရခြင်း အကြောင်းရင်းများ

သစ်တောပြုန်းတီးခြင်းအကြောင်းရင်းများ

၁။ ဆင်းရဲမွဲတေခြင်း

မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်မှစတင်၍ ဖွံ့ဖြိုးမှုအနိမ့်ဆုံးအဆင့်သို့ ရောက်ရှိပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်ခဲ့သည်။  တိုင်းပြည်၏ အဓိက၀င်ငွေကို သယံဇာတများနှင့်  စိုက်ပျိုးရေးထွက်ကုန်များကိုသာ ရောင်းချခြင်းဖြင့် ရှာဖွေနေရသည်။ သို့ဖြစ်၍ သစ်သည် နိုင်ငံခြား ၀င်ငွေကို အချိန်တိုအတွင်းရရှိစေသော ကုန်ပစ္စည်း အဖြစ်ရောက်ရှိနေဆဲ ဖြစ်သည်။

၂။ နည်းပညာအားနည်းခြင်း

လယ်ယာထွက်ကုန်၊ သစ်တောနှင့် အခြားသဘာဝသယံဇာတများ ထုတ်လုပ်ရောင်းချရာတွင် တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်မည့် နည်းပညာနှင့်  အဆင့်မြင့်စက်ရုံ၊ အလုပ်ရုံများ မရှိသည့်အတွက် သယံဇာတများကို ကုန်ကြမ်းအနေအထားအတိုင်း ရောင်းချနေရသည့်အတွက် သဘာဝ သယံဇာတအမြောက်အများ ထုတ်လုပ်နေရဆဲပင် ဖြစ်သည်။

၃။ လယ်ယာမြေချဲ့ထွင်ခြင်း

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ %သည် ကျေးလက်နေပြည်သူများဖြစ်ပြီး အဓိကစီးပွားရေးအနေဖြင့်  လယ်ယာနှင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ သို့ရာတွင် လယ်ယာနှင့် စိုက်ပျိုးရေးကဏ္ဍကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်နေပြည်သူလူထု၏ ပညာရည်နိမ့်ပါးခြင်း၊ နိုင်ငံတော်၏ လုံလောက်ထိရောက်သော ပံ့ပိုးမှုမရရှိခြင်း၊  မိရိုးဖလာ စိုက်ပျိုးနည်းစနစ်များကိုသာ ယနေ့အထိ အသုံးပြုလျက်ရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းစသည့် ပြဿနာများကြောင့် ၀င်ငွေကို ပိုမိုရရှိနိုင်ရန် လယ်ယာမြေများကိုချဲ့ထွင်ရန် သစ်တောမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲ လုပ်ကိုင် လာကြသည်။

ထို့ပြင်အသုံးများသည့် စိုက်ပျိုးနည်းစနစ်တစ်ခု ဖြစ်သည့်  ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးနည်း စနစ် သည် သဘောဝသစ်တောများကို အကြီးအကျယ် ပျက်စီးဆုံးရှုံးစေသည့် ပြဿနာတစ်ခုဖြစ်လာသည်။

၎။ စီးပွားဖြစ်စိုက်ခင်းများချဲ့ထွင်ခြင်း

သဘာဝအလျောက်ပေါက်ရောက်နေသည့် သစ်တောများနေရာတွင် ကြက်ဆူ၊  ရာဘာ ပလောပီနံ၊ ကြံ၊  ဆီအုန်းကဲ့သို့ စီးပွားဖြစ် စိုက်ခင်းများနှင့် တန်ဖိုးကြီးကျွန်း စိုက်ခင်းများအဖြစ် ပြောင်းလဲ စိုက်ပျိုးခွင့်ပြုခဲ့ခြင်းသည် သစ်တောပြုန်းတီးခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။

၅။ သစ်ထုတ်လုပ်ခြင်း

သစ်တောထွက်ပစ္စည်းများမှ ရရှိနိုင်သည့် ၀င်ငွေမြင့်မားသည့်အတွက်  တန်ဖိုးမြင့်သစ်မာများကို တရားဝင် ထုတ်လုပ်ခြင်း၊ တရားမ၀င်ထုတ်လုပ်ခြင်းသည် မြန်မာ့သစ်တောပြုန်းတီးခြင်း၏ အဓိက အကြောင်းရင်း တစ်ခုဖြစ်သည်။ အစိုးရအဖွဲအစည်းများသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကလည်း ၄င်းတို့ရပ်တည်ရှင်သန်ရေးအတွက် လိုအပ်သည့် ၀င်ငွေကို  သဘာဝ သစ်တောကြီးများအတွင်းမှ သစ်ပင်များကို အလွန်အကျွံ ခုတ်လှဲထုတ်ယူခြဲ့ကခြင်းကြောင့်လည်း သစ်တော ပြုန်းတီးမှု ပမာဏမှာ အလွန်မြင့်မားခဲ့ရသည်။

၆။ သတ္တုမိုင်း၊ရွှေမိုင်း၊ ကျောက်မိုင်းများ ပြုလုပ်ခြင်း

ရွှေ၊ကျောက်စိမ်း၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲမဖြူ စသည့်  သတ္တုနှင့် ကျောက်မျက်ရတနာများကို စီးပွားဖြစ်ထုတ်လုပ်သည့်လုပ်ငန်းများအား တရားဝင် (သို့) တရားမ၀င် လုပ်ကိုင်နေခြင်းကလည်း သဘာဝသစ်တောကြီးများနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်စေသည်။

၇။ ငါးကန်၊ ပုဇွန်ကန်၊ ဆားကန်များ တိုးချဲ့ခြင်း

လူဦးရေတိုးပွားလာခြင်းနှင့် ယင်းသို့ တိုးတက်လာသည့် လူဦးရေအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး  ငါး၊ပုဇွန်မွေးမြူရေးကန်များ၊ ဆားကွင်းများကို မြစ်ဝကျွန်းပေါ်ဒေသနှင့် ပင်လယ်ကမ်းရိုးဒေသများတွင် ချဲ့ထွင်လာခြင်းသည်လည်း သစ်တော ပြုန်းတီးခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်သည်။

၈။ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ မြို့ပြချဲ့ထွင်ခြင်း၊ ဆည်တည်ဆောက်ခြင်းစသော လုပ်ငန်းများဆောင်ရွက်ခြင်း

တိုးတက်များပြားလာသောလူဦးရေ၊ ပြောင်းလဲလာသော လူနေမှုစနစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မဖြစ်မနေတိုးချဲ့တည်ဆောက်လာ၇သော အကြီးစားလုပ်ငန်းများ ကလည်း သဘာဝ သစ်တောကြီးများအား လျှင်မြန်စွာ ပျက်စီးပြုန်းတီးစေသည့် အကြောင်းတစ်ချက်ဖြစ်သည်။

၉။ ထင်း/မီးသွေးထုတ်လုပ်ခြင်း

၂၀၁၄ ခုနှစ်တွင် စာရင်းကောက်ယူပြီး ၂၀၁၅ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ဆယ်သန်းရှစ်သိန်းကျော် ရှိသည့်အနက် နေ့စဉ် ထမင်းဟင်း ချက်ပြုတ်ရန်ထင်းနှင့် မီးသွေးကို လောင်စာအဖြစ် သုံးစွဲနေရသော အိမ်ထောင်စု အရေအတွက်မှာ စုစုပေါင်း အိမ်ထောင်စု၏ ၈၁% အထိရှိကြောင်းဖော်ပြထားသည်။ ထို့ပြင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (အုတ်ဖုတ်ခြင်း၊ ဗာဂျီးနီးယား ဆေးရွက်ကြီးပေါင်းခြင်း၊ ပဲကြီးလှောင်ဖို၊ ထန်းလျက်ချက်ခြင်း၊ ပုဇွန်ခြောက်ပြုလုပ်ခြင်း၊ ငါးအမှုန့်ကြိတ် ခြင်း စသည်) တို့သည် လျှပ်စစ်မီး မရရှိသည့်ဒေသများတွင် ဆောင်ရွက်သည့် လုပ်ငန်းများ ဖြစ်သည့်အလျှောက် ထင်း/မီးသွေးကိုပင် လောင်စာအဖြစ်အသုံးပြုနေဆဲ ဖြစ်၍ လောင်စာအတွက် ထင်းခုတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်းသည် သစ်တောပြုန်းတီးခြင်းအတွက် အဓိကအကြောင်းရင်း တစ်ခုဖြစ်နေဆဲ ဖြစ်သည်။

၁၀။ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း

အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက  စတင်တီထွင်အသုံးပြုခဲ့သည့်  မြန်မာ့ရွေးချယ် ခုတ်လှဲ နည်း စနစ် (Myanmar selection system) သည် ကမ္ဘာပေါ်ရှိ သစ်တောများရှိသော နိုင်ငံ အသီးသီးတွင် အသုံးပြုလျက်ရှိသည့် သစ်တောစီမံအုပ်ချုပ် လုက်ကိုင်မှုနည်းစနစ်များ အာလုံးထက်ပင် သာလွန် ကောင်းမွန်သောနည်းစနစ်အဖြစ် လက်ခံနေဆဲဖြစ်သည်။ သို့ရာတွင် အဆိုပါစနစ်ကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်  စီမံအုပ်ချုပ်သူအဆင့်ဆင့် တို့၏ အားနည်းချက်ကြောင့်ဖြစ်စေ၊   သစ်တောပညာရှင် မဟုတ်သူများက သစ်တောဌာန၏ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် တာဝန်များကို  ရယူထားခြင်းကြောင့်ဖြစ်စေ မြန်မာ့ သစ်တောများသည် ထုတ်ယူသုံးစွဲနိုင်သော ပမာဏထက် ပိုမို၍ ထုတ်ယူသုံးစွဲခြင်းကို ခံခဲ့ရပါသည်။

၁၁။ ပြည်တွင်း စစ်ဖြစ်ပွားနေခြင်း

၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် မြန်မာနိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများသည်  လက်ရှိအချိန်ထိ ဖြစ်ပွားဆဲဖြစ်ပြီး ယင်းသို့ မငြိမ်းချမ်းမှုကပင် အစိုးရအုပ်ချုပ်မှုနှင့် အလှမ်းကွာသည့် သစ်တော ဧရိယာ များပြားလာခြင်း၊ အစိုးရအတွက် လိုအပ်သည့်  နိုင်ငံခြားဝင်ငွေ ပမာဏ ပြည့်မီစေရန် သစ်ထုတ်လုပ်ခြင်းဖြင့် ရှာဖွေရာတွင် အလွန်အကျွှံ ထုတ်ယူရခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကလည်း ၄င်းတို့ထိန်းချုပ်ထားသော နယ်မြေများမှ သစ်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကြခြင်း၊ အိမ်နီးချင် နိုင်ငံများကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရားမ၀င်သစ်ထုတ်ယူမှုများ ပြုလုပ်ခြင်းတို့ကြောင့် သစ်တော ပြုန်းတီးမှု ပမာဏ မြင့်တက်ခဲ့ ရသည်။